၁။ | ဤနည်းဥဒေများကို သူတစ်ပါးထိခိုက်မှုအာမခံ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။ | |
၂။ | ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် မြန်မာ့အာမခံဥပဒေ၌ ပါရှိသည့် အတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည် – | |
(က) | သူတစ်ပါး ဆိုသည်မှာ ဤနည်းဥပဒေများအရ သူတစ်ပါးထိခိုက်မှုအာမခံထားသူ နှင့် သူတစ်ပါးထိခိုက်မှုအာမခံလက်ခံသူမှအပ ကျန်ပုဂ္ဂိုလ်ကိုဆိုသည်။ | |
(ခ) | စက်တပ်ယာဉ် ဆိုသည်မှာ စက်အားကိုဖြစ်စေ၊ လျှပ်စစ်ဓာတ်အားကိုဖြစ်စေ၊ အခြားစွမ်းအင် တစ်မျိုးမျိုးကိုဖြစ်စေ အသုံးပြု၍ မောင်းနှင်ရွေ့လျားနိုင်သော ယာဉ်နှင့်ယန္တရားများကို ဆိုသည်။ | |
(ဂ) | အာမခံထားသူ ဆိုသည်မှာ ဤနည်းဥပဒေများအရ သူတစ်ပါးထိခိုက်မှုအာမခံ အတွက် ပရီမီယံပေးသွင်းထားသူကို ဆိုသည်။ | |
(ဃ) | ပရီမီယံ ဆိုသည်မှာ သူတစ်ပါးထိခိုက်မှုအာမခံအတွက် ပေးသွင်းရသည့် ငွေကြေး ကို ဆိုသည်။ | |
(င) | နစ်နာသူ ဆိုသည်မှာ အာမခံထားသည့် စက်တပ်ယာဉ်ကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးသူကိုဆိုသည်။ ယင်းစကားရပ်တွင် သေဆုံးသူ၏တရားဝင် အကျိုးခံစားခွင့်ရှိသူလည်း ပါဝင်သည်။ | |
(စ) | ပစ္စည်း ဆိုသည်မှာ လူမှအပ ကျွဲ၊ နွား၊ တိရစ္ဆာန် အပါအဝင် ရွှေ့ပြောင်းနိုင်သော အခြားပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို ဆိုသည်။ | |
(ဆ) | နစ်နာကြေး ဆိုသည်မှာ နစ်နာသူသို့ထုတ်ပေးရန် မြန်မာ့အာမခံက သတ်မှတ်သော ငွေကြေးကိုဆိုသည်။ | |
(ဇ) | မှတ်ပုံတင်အဖွဲ့ ဆိုသည်မှာ စက်တပ်ယာဉ်များအား မှတ်ပုံတင်ပေးပိုင်ခွင့်ရှိသော အဖွဲ့အစည်းကိုဆိုသည်။ |
၃။ | စက်တပ်ယာဉ်ပိုင်ရှင်သည် – | |
(က) | မိမိ၏စက်တပ်ယာဉ်ကို မြန်မာ့အာမခံဥပဒေပုဒ်မ ၁၅ အရ မြန်မာ့အာမခံတွင် သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရထားရှိရမည်။ | |
(ခ) | မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အခါ သိုမဟုတ် မှတ်ပုံတင်အသစ် လဲလှယ်သည့်အခါ မြန်မာ့အာမခံကသတ်မှတ်သော ပရီမီယံကို မြန်မာ့အာမခံ သို့မဟုတ် ယင်းကတာဝန်လွှဲအပ်ထားသောဌာန၊ အဖွဲ့အစည်းသို့ ပေးသွင်းရမည်။ | |
(ဂ) | မှတ်ပုံတင်အဖွဲ့က ကင်းလွတ်ခွင့်ပြုသော မှတ်ပုံတင်အသစ်လဲလှယ်ရန် ပျက်ကွက်သည့် ကာလအပိုင်းအခြားအတွက် ပရီမီယံကင်းလွတ်ခွင့်ရရှိလိုလျှင် မြန်မာ့အာမခံ သို့လျှောက်ထားရမည်။ | |
(ဃ) | မှတ်ပုံတင်အဖွဲ့က ကင်းလွတ်ခွင့်မပြုသောကာလအပိုင်းအခြားအတွက် ကျသင့်သည့် ပရီမီယံနှင့်ဒဏ်ကြေးကို မြန်မာ့အာမခံသို့ တစ်ပေါင်းတည်းပေးသွင်းရမည်။ | |
၄။ | စက်တပ်ယာဉ်ပိုင်ရှင်သည် – | |
(က) | သူတစ်ပါးထိခိုက်မှုအာမခံထားရှိရန် ပျက်ကွက်လျှင် မြန်မာ့အာမခံက သတ်မှတ် ထားသည့်ပရီမီယံနှင့် ဒဏ်ကြေးတို့ကို မြန်မာ့အာမခံသို့ တစ်ပေါင်းတည်းပေးသွင်းရမည်။ | |
(ခ) | စက်တပ်ယာဉ်ထိခိုက်မှုဖြစ်လျှင် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း၊ ရဲတပ်ဖွဲ့ စခန်းနှင့် မြန်မာ့အာမခံသို့အကြောင်းကြားရမည်။ | |
၅။ | ပရီမီယံပေးသွင်းထားခြင်းမရှိသော စက်တပ်ယာဉ်ကြောင့် သူတစ်ပါးသေဆုံးခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးခြင်းအတွက် နစ်နာကြေးထုတ်ပေးရန်ရှိပါက ထိုစက်တပ် ယာဉ်ပိုင်ရှင်သည် ပရီမီယံ၊ ဒဏ်ကြေးနှင့် ကုန်ကျစရိတ်များကို မြန်မာ့အာမခံသို့ ပေးသွင်းရမည်။ |
၆။ | စက်တပ်ယာဉ်ကြောင့်သူတစ်ပါးဖြစ်စေ၊ အာမခံထားသူဖြစ်စေ သေဆုံးလျှင်၊ ဒဏ်ရာရလျှင် သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးလျှင် နစ်နာသူသည် နစ်နာကြေးရရှိရန် မြန်မာ့အာမခံက သတ်မှတ် ထားသောပုံစံများဖြင့် အောက်ပါကာလအတွင်း မြန်မာ့အာမခံသို့လျှောက်ထားရမည် – | |
(က) | သေဆုံးလျှင် ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးသည့်နေ့မှ ၁၂လ၊ | |
(ခ) | ဒဏ်ရာရလျှင် ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လ၊ | |
(ဂ) | ပစ္စည်းပျက်စီးဆုံးရှုံးလျှင် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့်နေ့မှ ၁၂ လ။ | |
၇။ | နစ်နာသူသည် – | |
(က) | မြန်မာ့အာမခံကသတ်မှတ်သည့် နစ်နာကြေးနှုန်းအတိုင်းရပိုင်ခွင့်ရှိသည်။ | |
(ခ) | နည်းဥပဒေ ၆ တွင် သတ်မှတ်ထားသည့်ကာလအတွင်း မြန်မာ့အာမခံသို့ လျှောက်ထားခြင်းမပြုနိုင်ပါက ထိုသို့လျှောက်ထားခြင်းမပြုနိုင်ကြောင်း ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကတိသစ္စာပြုလွှာ သို့မဟုတ် ကျမ်းကျိန်လွှာပြုလုပ်၍ မြန်မာ့ အာမခံသို့ လျှောက်ထားခွင့်ရှိသည်။ | |
(ဂ) | နစ်နာကြေးတောင်းခံရာတွင် သေဆုံးသူ၏ ရုပ်အလောင်း မရရှိသည့်ကိစ္စ၌ ထိခိုက်မှုဖြစ်ပွားသည့်နေ့မှ ၂၄ လပြည့်ပြီးမှသာ နစ်နာကြေးရပိုင်ခွင့်ရှိသည်။ | |
(ဃ) | နစ်နာကြေးကိစ္စနှင့်စပ်လျဉ်း၍ မြန်မာ့အာမခံကချမှတ်သည့်အမိန့်ကို ကျေနပ်မှု မရှိလျှင် ဝန်ကြီးဌာနသို့တင်ပြနိုင်ခွင့်ရှိသည်။ |
၈။ | မြန်မာ့အာခံသည် – | ||
(က) | သူတစ်ပါးထိခိုက်မှုအာမခံထားရှိခြင်း၊ နစ်နာကြေး လျှောက်ထားခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။ | ||
(ခ) | ပြည်ပမှမြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသည့် သို့မဟုတ် မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ထွက်ခွာသည့် စက်တပ်ယာဉ်များအတွက် သူတစ်ပါးထိခိုက်မှုအာမခံထား ရှိခြင်း၊ နစ်နာကြေးထုတ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့်ပြည်ပရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင်သည်။ | ||
(ဂ) | နစ်နာကြေးလျှောက်ထားသည့်ကိစ္စကို စိစစ်၍ နစ်နာကြေးထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ | ||
(ဃ) | နစ်နာကြေးလျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်သူများအား မေးမြန်း စစ်ဆေးခြင်းပြုနိုင်သည်။ | ||
(င) | သူတစ်ပါးထိခိုက်မှုအာမခံနှင့် သက်ဆိုင်သော ပရီမီယံနှုန်း၊ နစ်နာကြေးနှုန်း၊ ဒဏ်ကြေးနှုန်းနှင့် ကော်မရှင်နှုန်းတို့ကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။ နစ်နာကြေးနှုန်းများကို ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ရမည်။ | ||
(စ) | သူတစ်ပါးထိခိုက်မှုအာမခံထားရှိရန် ပျက်ကွက်သူအား သတ်မှတ်ထားသည့် ဒဏ်ကြေးတပ်ရိုက်ခြင်းပြုနိုင်သည်။ | ||
(ဆ) | ပြည်ပမှ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာသော သို့မဟုတ် ဖြတ်သန်းသွားလာ သော ပြည်ပစက်တပ်ယာဉ်အတွက် ပရီမီယံနှုန်းနှင့် နစ်နာကြေးနှုန်းများကို နိုင်ငံခြားသုံးငွေ သို့မဟုတ် မြန်မာငွေဖြင့်လည်းကောင်း၊ ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လိုက်နာရမည့် စည်းကမ်းများကိုလည်းကောင်း သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။ နစ်နာကြေးနှုန်းများကို ဝန်ကြီးဌာန၏သဘော တူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ရမည်။ | ||
(ဇ) | ပြည်ပမှမြန်မာနိုင်ငံအတွင်းဝင်ရောက်လာသော သို့မဟုတ် ဖြတ်သန်းသွားလာသော ပြည်ပစက်တပ်ယာဉ်အတွက် ပရီမီယံကို နိုင်ငံခြားသုံးငွေဖြင့် ကောက်ခံနိုင်သည်။ | ||
၉။ | မြန်မာ့အာမခံသည် နစ်နာသူအား နစ်နာကြေးကို အောက်ပါအစီအစဉ်အတိုင်း ထုတ်ပေးရမည် – | ||
(က) | သေဆုံးသူ၏ – | ||
(၁) | တရားဝင်ခင်ပွန်း သို့မဟုတ် ဇနီး၊ | ||
(၂) | သားသမီးများ (ကိတ္တိမမွေးစားသားအမီး အပါအဝင်)၊ | ||
(၃) | မိဘ၊ | ||
(၄) | ညီအစ်ကိုမောင်နှမ၊ | ||
(၅) | ညီအစ်ကိုမောင်နှမ မရှိလျှင် သေဆုံးသူ၏ ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခွင့်ရှိသူ၊ | ||
(၆) | နည်းဥပဒေခွဲငယ် (၅) အရ အမွေဆက်ခံခွင့်ရှိသူနှင့်စပ်လျဉ်း၍ အငြင်း ပွားမှုဖြစ်ပွားပြီး ဥပဒေရေးရာ ပြဿနာပေါ်ပေါက်ပါက စီရင်ပိုင်ခွင့်ရှိသော တရားရုံး၏ ဆုံးဖြတ်ချက်နှင့်အညီ နစ်နာကြေးရထိုင်သူ။ | ||
ရှင်းလင်းချက် ။ ။ သေဆုံးသူသည် ဘာသာ၊ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်ဖြစ်ပါက သက်ဆိုင်ရာ ဘာသာ၊ သာသနာ၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသော သို့မဟုတ် အဆင့်မြင့်ဆုံးဖြစ်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက သတ်မှတ်သူအား ထုတ်ပေးရမည်။ | |||
(ခ) | ဒဏ်ရာရသူ၊ | ||
(ဂ) | ပစ္စည်းပျက်စီးဆုံးရှုံးသူ၊ | ||
ရှင်းလင်းချက် ။ ။ စက်တပ်ယာဉ်ပေါ်တွင် တင်ဆောင်သယ်ယူသော ပစ္စည်းဖြစ်စေ၊ နစ်နာသူနှင့်အတူပါရှိသော စိန်၊ ရွှေ၊ ငွေ၊ ရတနာနှင့် ခရီးသွား အသုံးအဆောင် ပစ္စည်းများဖြစ်စေ ပျက်စီးဆုံးရှုံးခြင်းနှင့် မသက်ဆိုင်စေရ။ | |||
၁၀။ | မြန်မာ့အာမခံသည် ပရီမီယံပေးသွင်းထားခြင်းမရှိသော စက်တပ်ယာဉ်ကြောင့် သူတစ်ပါး သေဆုံးလျှင်၊ ဒဏ်ရာရလျှင် သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးလျှင် နစ်နာကြေးကို နစ်နာသူ အားထုတ်ပေးရမည်။ | ||
၁၁။ | ဤနည်းဥပဒေများအရ စက်တပ်ယာဉ်ပိုင်ရှင်က မြန်မာ့အာမခံသို့ပေးသွင်းရမည့် ပရီမီယံ၊ ဒဏ်ကြေးနှင့် ကုန်ကျစရိတ်များကို ပေးသွင်းရန်ပျက်ကွက်လျှင် မြန်မာ့အာမခံသည် မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရတောင်းခံခွင့်ရှိသည်။ |
၁၂။ | စက်တပ်ယာဉ်ကြောင့် သူတစ်ပါးဖြစ်စေ၊ အာမခံထားသူဖြစ်စေ သေဆုံးလျှင်၊ ဒဏ်ရာ ရလျှင် သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးလျှင် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသည် – | ||
(က) | ရဲတပ်ဖွဲ့ဝင်တစ်ဦးဦးအား တာဝန်ပေး၍ ထိခိုက်မှုဖြစ်ပွားသည့်နေရာသို့ ချက်ချင်း သွားရောက်စစ်ဆေးကြည့်ရှုစေရမည်။ | ||
(ခ) | အောက်ပါအချက်များကို ပြည့်စုံစွာဖော်ပြလျက် သတ်မှတ်ထားသည့်ပုံစံဖြင့် မြန်မာ့ အာမခံသို့ အမြန်ဆုံးကြောင်းကြားရမည် – | ||
(၁) | ရဲစခန်း ပထမသတင်းပေး တိုင်ချက်အမှတ်နှင့် ရက်စွဲ၊ | ||
(၂) | ထိခိုက်မှုဖြစ်သည့်နေရာ၊ ဖြစ်ပွားပုံအကျဉ်းချုပ်၊ | ||
(၃) | ထိခိုက်မှုဖြစ်သည့် ယာဉ်အမှတ်၊ ယာဉ်မောင်းနှင့် စက်တပ်ယာဉ်ပိုင်ရှင် တို့၏ အမည်၊ အမျိုးသားမှတ်ပုံတင်အမှတ်/နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်နှင့် နေရပ်လိပ်စာ၊ | ||
(၄) | သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးသူ၏ အမည်၊ အမျိုးသား မှတ်ပုံတင်အမှတ်/ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာ၊ | ||
(၅) | ပစ္စည်းပျက်စီးဆုံးရှုံးမှုရှိလျှင် ပျက်စီးဆုံးရှုံးသည့် ပစ္စည်းစာရင်းနှင့် ခန့်မှန်း တန်ဖိုး၊ | ||
(၆) | ထိခိုက်မှုနှင့်စပ်လျဉ်းသည့် တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်။ |
၁၃။ | မြန်မာ့အာမခံသည် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့က ၁၉၆၄ခုနှစ်၊ မော်တော်ယာဉ် ဥပဒေ၊ မော်တော်ယာဉ်နည်းဥပဒေများနှင့်အညီ မြန်မာ့အာမခံတွင် သူတစ်ပါးထိခိုက်မှု အာမခံထားရှိရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။ | |
၁၄။ | အောက်ဖော်ပြပါအကြောင်းနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဖြစ်ပေါ်သည့်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း သို့မဟုတ် ပစ္စည်းပျက်စီး ဆုံးရှုံးခြင်း အတွက် နစ်နာကြေးထုတ်ပေးရန် မြန်မာ့အာမခံ၌ တာဝန်မရှိစေရ – | |
(က) | သေဆုံးသူ သို့မဟုတ် ဒဏ်ရာရသူက မိမိကိုယ်ကိုမိမိ သေဆုံးစေရန် သို့မဟုတ် ဒဏ်ရာရစေရန် တမင်ပြုလုပ်ခြင်း၊ ပစ္စည်းပျက်စီးဆုံးရှုံးသူက မိမိပစ္စည်းပျက်စီး ဆုံးရှုံးမှုဖြစ်စေရန် တမင်ပြုလုပ်ခြင်း၊ | |
(ခ) | စစ် သို့မဟုတ် စစ်အသွင်နှင့် အလားတူဖြစ်ရပ်ပေါ်ပေါက်ခြင်း၊ | |
(ဂ) | သပိတ်မှောက်ခြင်း၊ | |
(ဃ) | အဓိကရုဏ်းဖြစ်ခြင်း၊ | |
(င) | ပုန်ကန်သောင်းကျန်းသူက အန္တရာယ်ပြုခြင်း၊ | |
၁၅။ | ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဆေးရုံသည် သူတစ်ပါးဖြစ်စေ၊ အာမခံ ထားသူဖြစ်စေ စက်တပ်ယာဉ်ကြောင့်သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းအတွက် နစ်နာသူသို့ ဆေးအစီရင်ခံစာ ထုတ်ပေးရမည်။ | |
၁၆။ | ဝန်ကြီးဌာနသည် မြန်မာ့အာမခံက ဤနည်းဥပဒေများပါ ပြဌာန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ လိုအပ်သော အဖွဲ့အစည်းများကို ဖွဲ့စည်း၍ တာဝန် ပေးအပ်နိုင်သည်။ | |
၁၇။ | မည်သူမဆို သူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးကို မြန်မာ့အာမခံထံမှ မသမာသောနည်း ဖြင့်ထုတ်ယူခြင်း၊ ထုတ်ယူရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုလျှင် တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရမည်။ | |
၁၈။ | သူတစ်ပါးထိခိုက်မှုအာမခံနည်းဥပဒေများ (၁၉၇၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် နည်းဥပဒေ များ အမှတ် ၄ ) ကို ဤနည်းဥပဒေများဖြင့် ရုပ်သိမ်းလိုက်သည်။ |
(ဗိုလ်ချုပ် လှထွန်း)
ဝန်ကြီး
၃၇၉၀၈၈၊ ၃၈၄၈၆၅၊ ၂၅၂၃၇၂၊ ၂၄၆၉၀၂
၃၈၄၈၈၁၊ ၃၈၄၈၇၆၊ ၃၈၆၉၁၉
၃၈၄၈၇၀၊ ၃၈၄၈၆၈
၃၇၉၁၈၈
၂၅၁၇၆၄၊ ၃၈၄၈၇၄၊ ၃၈၄၈၆၇
၂၅၁၇၆၁
၃၈၄၈၆၄၊ ၃၈၄၈၇၃